ဘိုကလေး စက်တင်ဘာ ၁၀
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ဦးစီးတည်ထောင် ဖွင့်လှစ်ထားသည့် ပညာဘူမိတက္ကသိုလ်မှ သုတဓမ္မဒီပလိုမာ စာမေးပွဲများအား (၆)လလျှင်(၁)ကြိမ်နှုန်းဖြင့် နှစ်စဉ်စာမေးပွဲ(၂)ကြိမ် နယ်စာစစ်ဌာနများအလိုက် ကျင်းပဆောင်ရွက်လျက်ရှိရာ ယခုနှစ်ဒီဇင်ဘာလတွင်လည်း စာမေးပွဲကျင်းပသွားမည်ဖြစ်ပြီး အဆိုပါစာမေးပွဲဖြေဆိုကြမည့် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ ရဟန်း၊ ရှင်၊ လူများအနေဖြင့် စာမေးပွဲအား လွယ်ကူစွာ ဖြေဆိုအောင်မြင်နိုင်ရေး Level(1)သင်တန်းအား ဘိုကလေးမြို့လယ်ကျက်သရေဆောင်၊ မြို့မဆွမ်းလောင်းအသင်း ဓမ္မာရုံကြီးတွင် ယမန်နေ့ကဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ Level-1 သင်တန်းအား ဘိုကလေးမြို့နယ်မှ ဆရာမဒေါ်နန္ဒာလုလုမှ သင်ကြားပို့ချ ခြင်းဖြစ်ပြီး စက်တင်ဘာ(၉)ရက်နေ့မှ စက်တင်ဘာ(၁၃)ရက်ထိ ပို့ချသွားမည်ဖြစ်ရာ Level-1 သင်တန်းပို့ချပြီးပါက ဆက်လက်၍ စက်တင်ဘာ(၁၄)ရက်နေ့မှ စက်တင်ဘာ(၂၇)ရက်ထိ Level-3 သင်တန်းတို့အား နေ့စဉ်ညနေ(၃)နာရီမှ (၅)နာရီအထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်းနှင့် Level-2 သင်တန်းအား စက်တင်ဘာ(၃)ရက်နေ့မှ (၇)ရက်နေ့ထိ ပို့ချသွားပြီးဖြစ်ကြောင်း သိရသည်။
ယခုပို့ချသင်ကြားနေသော Level-1 သင်တန်းတွင် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ တက္ကသိုလ်၊ ပါမောက္ခချုပ် ဒေါက်တာအရှင်နန္ဒမာလဘိဝံသ ဆရာတော်ဘုရားကြီး ပြဋ္ဌာန်းထားသော “ဘဝခရီးဝယ်ရွေးချယ်ရမည့်လမ်း၊ မြတ်ဗုဒ္ဓဒေသနာနှင့် ယနေ့ကမ္ဘာ၊ စိတ်အညစ်အကြေးများကို ဖယ်ရှားခြင်း၊ မေတ္တာသုတ်အနှစ်ချုပ်၊ သမထနှင့် ဝိပဿနာ” စသော အခန်း(၅)ခန်းကို သင်ကြားပို့ချခြင်းဖြစ်ပြီး သင်တန်းသို့ Level(1) စာမေးပွဲ ဖြေဆိုကြမည့် သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)