ပွင့်ဖြူ စက်တင်ဘာ ၁၀
အခြေခံစားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ အစားအစာဘေးကင်းလုံခြုံစေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၉ နာရီက တိုင်းဒေသကြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး အခြေခံစားသောက်ကုန်ပစ္စည်းများအား Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်း ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ကျန်းမားရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့်အတူ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးရှိ အခြေခံစားသောက်ကုန်ပစ္စည်း အရောင်းဆိုင်များမှ လုပ်ငန်းရှင်များကိုတွေ့ဆုံကာ စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာ၌ စားသုံးသူ ပြည်သူလူထု အစားအစာဘေးကင်းလုံခြုံစေရေးအတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)မှ ရောင်းချခြင်းမပြုရန် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းမပြုရန်၊ ရောင်းချသည့် စားကုန်ပစ္စည်းအမျိုးအစားအလိုက် ကုန်အညွှန်းအမှတ်တံဆိပ်နှင့် ထုတ်လုပ်သည့် နေ့ရက်/သက်တမ်းကုန်ဆုံး ရက်စွဲဖော်ပြပါရှိရေး အလေးထားလိုက်နာဆောင်ရွက်ရန်၊ စားသောက်ကုန်ပစ္စည်းများထုတ်လုပ်ရာ၌ တာရှည်ခံသော ဓာတုဆိုးဆေးများ သုံးစွဲထုတ်လုပ်ခြင်းမပြုရန်နှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာဥပဒေများကို အလေးထားလိုက်နာဆောင်ရွက်ရန်တို့ကို အသိပညာပေးဆွေးနွေးပြောကြားပြီး ဈေးဆိုင်များအလိုက် အခြေခံစားကုန်ပစ္စည်းများတွင် ကျန်းမာရေးဆိုးကျိုးဖြစ်စေသည့် ဓာတုဆေးဝါးပစ္စည်း ပါဝင်ရောနှောထားခြင်း ရှိ/မရှိ Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
မကွေးတိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အစားအစာဘေးကင်းလုံခြုံစေရန်နှင့် အခြေခံစားကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာ၌ ကျန်းမာရေးနှင့်ညီညွတ်စွာ ဝယ်ယူစားသုံးခွင့်ရရှိစေရေးအတွက် ယခုကဲ့သို့ စည်ပင်သာယာဈေးများအရောက် ကွင်းဆင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဆွေးနွေးခြင်း၊ အခြေခံစားကုန်ပစ္စည်းများတွင် ကျန်းမာရေးဆိုးကျိုးဖြစ်စေသော ဓာတုဆေးဝါးပစ္စည်းများ ပါဝင်ရောနှောထုတ်လုပ်ခြင်း ရှိ/မရှိ Mobile Lab Van ဖြင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ မကွေးတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုင်းမင်းသူထွန်းက ပြောပြ၍ သိရှိရကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)