ပွင့်ဖြူ စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့မစည်ပင်သာယာဈေးသို့ သွားရောက်ပြီး ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာပြည်သူများကို ကွင်းဆင်းအသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းအသိပညာပေးရာတွင် ပွင့်ဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စိုးစိုးနိုင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်မှုအသင်းမှ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်အတူ ပွင့်ဖြူမြို့မဈေးသို့ သွားရောက်၍ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာ ပြည်သူများကို တွေ့ဆုံကာ မိုးရာသီကာလတွင် ဖြစ်ပွားသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ မဖြစ်ပွား စေရေးအတွက် မသန့်ရှင်းသောရေနှင့် မသန့်ရှင်းသော အစားအစာများကို စားသောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလေ့ရှိသည့် အချိန်ကာလနှင့် ရောဂါလက္ခဏာများအကြောင်း၊ ကြိုတင်ကာကွယ်နိုင်သော နည်းလမ်းများနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာ ကျန်းမာရေးဌာနများတွင် အချိန်မီ ဆေးဝါးကုသမှုများ ခံယူကြရန် စသည့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေး ဆွေးနွေးဟောပြောသည်။
ထို့နောက် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ဝမ်းပျက်ဝမ်းလျှောရောဂါ လက္ခဏာများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရမည့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးကဏ္ဍများ ပါဝင်သော ဗီနိုင်းပိုစတာများကို ဈေးအတွင်း လူအများ မြင်သာသောနေရာများတွင် ချိတ်ဆွဲပြသခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )