စစ်ကိုင်း စက်တင်ဘာ ၁၀
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် အခြေခံစက်ချုပ်နည်းနှင့် တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက စစ်ကိုင်းမျက်မမြင်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်က အသေးစားစက်မှုလက်မှု လုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန် စီမံဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ နေ့စဉ်ဖြတ်သန်းနေရတဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအတားအဆီးဖြစ်တဲ့ ရင်းနှီးမတည်ငွေအထောက်အပံ့ရရှိရန် အခက်အခဲများနဲ့ ရင်ဆိုင်နေရတာကိုတွေ့ရကြောင်း၊ အသေးစားကုန် ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများရဲ့ အလုပ်အကိုင် အခွင့်အလမ်းများပါ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကျေးလက်နဲ့ မြို့ပြပြည်သူများ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်စေမှာဖြစ်ကြောင်း ပြောကြားကာ ခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးဝေလျံစိုးက သင်တန်းများ ဖွင့်လှစ်ပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပေးပြီး တာဝန်ရှိသူများက သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသား(၂၀)ဦးဖြင့် သင်တန်းကာလ(၄၅)ရက် ဖြင့်လည်းကောင်း၊ တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတွင် သင်တန်းသား (၁၀)ဦးဖြင့် သင်တန်းကာလ(၇)ရက်ဖြင့်လည်းကောင်း စာတွေ့/လက်တွေ့ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)