ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP)ဖြင့် မရိုးတောကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) ထောက်ပံ့ရန်ပုံငွေနှင့် ကျေးရွာပြည်သူလူထုထည့်ဝင်ငွေတို့ပူးပေါင်း၍ စည်သာကျေးရွာအုပ်စု၊ မရိုးတောကျေးရွာ၌ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးနှင့် တာဝန်ရှိသူများသည့် ကျေးရွာကွန်ကရစ်လမ်းဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းအား သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်သွားရန်၊ လမ်းရေရှည်တည်တံ့ခိုင်မြဲစေရေး ကော်မတီဝင်များနှင့် ကျေးရွာသူ၊ ကျေးရွာသားများက ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးပါက ရေရှည်တည်တံ့ခိုင်မြဲအောင် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်သွားကြရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြားခဲ့သည်။                       

အဆိုပါ ကွန်ကရစ်ခမ်းခင်းခြင်းလုပ်ငန်းကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ကျပ် ၁၅ သန်း ပြည်သူလူထု ထည့်ဝင်ငွေ ကျပ် ၆ သန်း၊ စုစုပေါင်း ကျပ် ၂၁ သန်းဖြင့် ဩဂုတ် စတုတ္ထအပတ်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လမ်းအရှည် ၇၀၀ ပေ၊ အကျယ် ၁၂ ပေ၊ အမြင့် ၆ လက်မ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းမှာ ၅၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းပြီးစီးပါက လယ်ယာထွက်ကုန်များ ဈေးကွက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။

မူမူစန်း