ရေတာရှည်မြို့နယ်၌ VDP ကျေးရွာများ ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ရေတာရှည် စက်တင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ VDP ကျေးရွာများ ဆောင်ရွက်ပြီးစီးမှုအခြေအနေအား ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ကြံသနွယ်ကျေးရွာအုပ်စုနန်ချွန် (တောင်) ကျေးရွာသို့ ကွင်းဆင်းစစ်ဆေးခဲ့သည်။

အဆိုပါကျေးရွာသို့ ပဲခူးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ တောင်ငူခရိုင်ဦးစီးမှူး ဦးသန့်စင်မျိုး၊ ရေတာရှည်မြို့နယ်ဦးစီးမှူး ဦးမျိုးမြင့်အောင်နှင့် အဖွဲ့သည် ၂၀၂၄-၂၀၂၅ ဘဏ္ဏာရေးနှစ်တွင် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ သိန်း(၁၅၀)ကျပ်နှင့် ပြည်သူထည့်ဝင်ငွေ သိန်း(၁၆၀)ကျပ်ဖြင့် ပေါင်းစပ်၍ ဆောင်ရွက်ခဲ့သော ကြံသနွယ်ကျေးရွာအုပ်စုနန်ချွန်  (တောင်) ကျေးရွာတွင် (၈၀၀ပေ၁၂ပေ၆လက်မ) ကျေးရွာတွင်း လမ်းကွန်ကရစ်ခင်းခြင်းနှင့် ရေသန့်စင်စနစ်တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းစစ်ဆေးရာ ကျေးရွာကော်မတီဝင်များမှ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဦးစီးမှူးမှ ရေသန့်စင်စနစ်ရေရှည်အသုံးပြုနိုင်ရေးအတွက် သင့်တင့်သော ရေဖိုးရေခကောက်ခံသွားရန်နှင့် လမ်းရေရှည်တည်တံ့ခိုင်မြဲရေးထိန်းသိမ်းရန် ပြောကြားပြီး ယခုဘဏ္ဏာနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆောင်ရွက်လျက်ရှိသော ကျေးရွာ(၆)ရွာတွင် ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မြို့နယ် (ပြန်/ဆက်)