နတ်မောက် စက်တင်ဘာ ၁၀
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်မ္မာခင် (ဦးစီးအရာရှိ)က ကျောင်းသား/သူများအနေဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာအချက်များကို သိရှိနားလည်စေရန်၊ လိုက်နာရမည့်အချက်များ၊ ရှောင်ရှားရမည့်အချက်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးရွာများအား ဆွေးနွေးဟောပြောခဲ့သည်။ ဆက်လက်၍ ဒေါ်သင်းသင်းဝေ (ဒုတိယဦးစီးမှူး)က လူကုန်ကူးခြင်းသည် လူ့အခွင့်အရေးကိုချိုးဖောက်မှုနှင့် လူသားချင်းဆိုင်ရာ ဂုဏ်သိက္ခာကို ထိခိုက်စေသည်ဟု သတ်မှတ်ကြကြောင်း၊ လူကုန်ကူးမှုဆိုသည့် အဓိပ္ပါယ်ကို အကြမ်းအားဖြင့် မိမိအကျိုးစီးပွားတစ်ခုအတွက် လူသားများ၏ ကိုယ်ကာယလုပ်အားကို လူသားအချင်းချင်း ခေါင်းပုံဖြတ် အမြတ်ထုတ်ရယူခြင်းနှင့် လူကုန်ကူးခံရသော အလုပ်သမားများအား အတင်းအကျပ်ထိန်းချုပ်ကာ လုပ်အားခမပေးဘဲ အနည်းငယ်မျှသာပေး၍ အလုပ်ခိုင်းစေခြင်း စသည့် အကြောင်းအရာများနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရမည့် အချက်များကို ဆွေးနွေးဟောပြောခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
လှဝင်း