ကြံခင်းမြို့နယ် (အ.ထ.က-၂)ကျောင်းတွင် စာစီစာကုံးပြိုင်ပွဲကျင်းပ

ကြံခင်း စက်တင်ဘာ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်(အ.ထ.က-၂)ကျောင်းတွင် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး "ဆေးလိပ်နှင့်ဆေးရွက်ကြီး လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်" ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲကို  ယနေ့နံနက်(၁၀)နာရီအချိန်က အဆိုပါ ကျောင်းစာသင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က ပြိုင်ပွဲကျင်းပပေးခြင်းဖြင့် ကျောင်းသား၊  ကျောင်းသူများ  ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်ကြီးမားပုံ သိရှိစေရန်နှင့် ဘက်စုံထူးချွန်ထက်မြက်သော လူတော်လူကောင်းများ ဖြစ်လာကာ အသိပညာဗဟုသုတများဖြင့် ပြည့်စုံစေရန် ရည်ရွယ်ပြီး ကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားပြီးနောက်၊  (အ.ထ.က-၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်နွဲ့နွဲ့ဝင်းက အမှတ်ပေးစည်းမျဉ်း၊ စည်းကမ်းအား ရှင်းလင်းပြောကြားပါသည်။

ထိုနောက် စာစီစာကုံးပြိုင်ပွဲ စတင်ကျင်းပရာ "ဆေးလိပ်နှင့်ဆေးရွက်ကြီး  လွှမ်းမိုးမှုအန္တရာယ် သတိပြုကာကွယ် တို့လူငယ်" ခေါင်းစဉ်ဖြင့် (အ. ထ. က-၂)ကျောင်းမှ (G-9) ကျောင်းသား/ကျောင်းသူ (၃၁)ဦးတို့က ဝင်ရောက်ယှဉ်ပြိုင်ကြပြီး  ပထမ၊  ဒုတိယ၊  တတိယဆုနှင့် နှစ်သိမ့်ဆုရကျောင်းသား/သူများအား  စက်တင်ဘာလ(၁၄)ရက်နေ့တွင် အဆိုပါကျောင်း၌  လူငယ်စကားဝိုင်းကျင်းပသည့် အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း  မြို့နယ်ပြန်/ဆက်ဦးစီးအရာရှိထံက သိရသည်။

မြို့နယ်(ပြန်/ဆက်)