ကော့သောင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်း (ရွှေမင်းဝံကျောင်း)ရှိ ကျောင်းဆောင်သစ်များ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခန့်က ပြုလုပ်ရာ အဆိုပါ အခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် မဟော်ဂနိဆောင် (၁၄၀/၃၀)ပေ RCC (၃)ထပ်ကျောင်းဆောင်နှင့် ပိတောက်ဆောင် (၇၀/၃၀)ပေ RCC (၃)ထပ်ကျောင်းဆောင်တို့၏ ကျောင်းဆောင်အသစ်များ ဖွင့်ပွဲမုခ်ဦးအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ခရိုင်မှ တာဝန်ရှိသူများ ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပြီး ကျောင်းဆောင်ဆောက်လုပ်သည့်ကုမ္ပဏီက ကျောင်းဆောင်အသစ်ဆိုင်ရာ မှတ်တမ်းများအား ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ တိုင်းဒေသကြီး ပညာရေးမှူး ဦးဝင်းနောင်က လက်ခံခဲ့သည်။
ယင်းနောက် ကျောင်းအကျိုးတော်ဆောင်နာယက ဦးအင်ရှိန်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်က ကျောင်းဆောင်သစ်များဖွင့်ပွဲ အထိမ်းအမှတ်သစ်ပင် ကံကော်ပင်အား ကျောင်းဝင်းအတွင်း အမှတ်တရ စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)