ကော့သောင်း စက်တင်ဘာ ၁၀
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီခွဲက ကော့သောင်းမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကိုနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်/မြို့နယ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့တို့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အထက (၁)ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အကအဖွဲ့စုံဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။ ယင်းနောက် ကျောင်းသား၊ကျောင်းသူများက "အလှဆုံးပန်းများပွင့်ကြပြီ" အဖွင့်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားအား ဆက်လက်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့် အဖွဲ့တို့သည် "လူငယ်စာပေဆွေးနွေးပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ စာစီစာကုံး၊ ကဗျာရွတ်၊ ကျပန်း၊ ပုံပြောပြိုင်ပွဲနှင့် ဉာဏစွမ်းရည်ပြိုင်ပွဲများ ဆောင်ရွက်နေမှုများ၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများ ယှဉ်ပြိုင်နေမှုများ၊ ကျောင်းစာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများ စာပေလေ့လာဖတ်ရှုနေမှုများအား ကြည့်ရှုအားပေး၍ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် "စာအုပ်ပြပွဲများ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲများ၊ ပိုစတာ၊ ပန်းချီ၊ ကာတွန်းပြပွဲများ၊ ခင်းကျင်းပြသထားရှိပြီး ကဏ္ဍအလိုက်ပြိုင်ပွဲများ၊ အားကစားနှင့် ပျော်ပွဲရွှင်ပွဲများကို ကော့သောင်းမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ ကျောင်းစာကြည့်တိုက်များ ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)