လွိုင်ကော် စက်တင်ဘာ ၁၀
လူသုံးကုန်ပစ္စည်းထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် “သင်တန်းသားများအနေဖြင့် လူသုံးကုန်ပစ္စည်းထုတ်လုပ်သည့် နည်းပညာများကို သင်ယူတတ်မြောက်ပြီး မိမိတို့ကိုယ်ပိုင် အသေးစား ၊ အငယ်စား ၊ အလတ်စားလုပ်ငန်းများကို ထူထောင်ပြီး မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းတွင် ဝင်ငွေရရှိစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန်နှင့် ပြည်နယ်အတွင်း အသေးစား ၊ အငယ်စား ၊ အလတ်စား လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ပြီး ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်းရှိ (MSMEs)လုပ်ငန်းများ တိုးတက်လာစေရန်အတွက် နည်းပညာများအပြင် အရင်းအနှီးရရှိရေးကို စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေမှလည်း စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍ ၊ သမဝါယမကဏ္ဍ၊ စက်မှုလက်မှုကဏ္ဍတို့တွင် ချေးငွေများဆောင်ရွက်ပေးလျက်ရှိပြီး ယခုသင်တန်းသည် ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည်ဖြစ်သည့်အတွက် စနစ်တကျကြိုးစားလေ့လာသင်ယူသွားကြရန်လိုကြောင်း” ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်း ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သင်တန်းသားများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက် စကားပြောကြားခဲ့ပြီး ခင်းကျင်းပြသထားသည့် လူသုံးကုန်ထုတ်ပစ္စည်းများ ၊ မှတ်တမ်းဓါတ်ပုံများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပြည်နယ် (ပြန်/ဆက်)