မုံရွာ စက်တင်ဘာ ၉
၂၀၂၄-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာနနှင့် တိုင်းဒေသကြီး ဘော်လီဘောဆပ် ကော်မတီတို့ ပူးပေါင်းကျင်းပသည့် “ရွှေမင်းဝံ”ဖလား အလွတ်တန်း အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေပိုင်းတွင် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်ရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ အသင်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အမျိုးသမီး ဗိုလ်လုပွဲစဉ်အဖြစ် စစ်ကိုင်းတိုင်းလူငယ်အသင်းနှင့် ပျဉ်းမနားလူငယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအား လည်းကောင်း၊ အမျိုးသားဗိုလ်လုပွဲစဉ်အဖြစ် ယမုံအိမ့်ရှိုင်းအသင်းနှင့် ရွှေခြင်းလုံးအသင်းတို့ ယှဉ်ပြိုင်ကစားနေမှုများအားလည်းကောင်း ကြည့်ရှုအားပေးကြသည်။
ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ စစ်ကိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက အမျိုးသား/သမီး ပွဲစဉ်တစ်လျှောက် နေရာအလိုက် အကောင်းဆုံးဆုရရှိကြသူများအား ဂုဏ်ပြုဆုတံဆိပ်နှင့် ငွေသားဆုများအား ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးက အမျိုးသမီး တတိယဆုရရှိသော အားကစားနှင့်ကာယပညာသိပ္ပ(မန္တလေး)အသင်းအား တစ်ဦး ချင်းဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ် - ၁၀ သိန်းအားလည်းကောင်း၊ တိုင်းဒေသကြီး ပညာရေးမှူးက အမျိုးသား တတိယဆုရရှိသော လက်ပန်လှအသင်းအား တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုငွေကျပ်သိန်း- ၂၀အားလည်းကောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူးက အမျိုးသမီး ဒုတိယဆုရရှိသော ပျဉ်းမနားအသင်းအား တစ်ဦးချင်း ဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း- ၂၀နှင့် ဆုဖလားအားလည်းကောင်း၊ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးက အမျိုးသား ဒုတိယဆုရရှိသော ရွှေခြင်းလုံးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း - ၃၀နှင့် ဆုဖလားအားလည်းကောင်း၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက အမျိုးသမီး ပထမဆုရရှိသော စစ်ကိုင်းလူငယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း - ၃၀ နှင့် ဆုဖလားအားလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အမျိုးသား ပထမဆုရရှိသော ယမုံအိမ့်ရှိုင်းအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုငွေကျပ်သိန်း-၅၀နှင့် ဆုဖလားတို့အား အသင်းအုပ်ချုပ်သူများနှင့် တာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး ဆုရရှိသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ ပြိုင်ပွဲဝင်အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)