သာယာဝတီမြို့နယ်၌ (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပြိုင်ပွဲများကျင်းပ

သာယာဝတီ      စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့တွင်ကျရောက်မည့် (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီအချိန်က သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။ အဆိုပါပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန အမှတ်(၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့(သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ (၂၀) ဦးက “ကလေးသူငယ်ချန်မထား လူကုန်ကူးမှုတိုက်ဖျက်သွား" ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ပြိုင်ပွဲတွင် ဆုရရှိသည့်ကျောင်းသားကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြောင်းသိရသည်။

သန့်ဇော်(ပြန်/ဆက်)