လိပ်သို စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်ကြီးမားပုံနှင့် ဆိုးကျိုးများအကြောင်း သိရှိရှောင်ရှားတတ်စေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို မြို့ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင် မူးယစ်ဆေးဝါးသည် အောင်မြင်မှုခရီးလမ်းလျှောက်လှမ်းရာ၌ အဟန့်အတားဖြစ်စေသည့် လက်နက်တစ်မျိုးဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမသုံးစွဲမိအောင် အသိ၊ သတိ စဉ်းစားဆင်ခြင်၍ ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ကျောင်းသား လူငယ်များ အနေဖြင့် စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတရှာမှီး၍ မူးယစ်ဆေးဝါး ၏အန္တရာယ်သားကောင်မှ ကင်းလွတ်အောင် ဆင်ခြင်သုံးသပ်ရှောင်ရှားစေလိုကြောင်းနှင့်မူးယစ်ဆေးဝါး၏ အန္တရာယ် ကြီးမားပုံနှင့်စပ်လျဉ်း၍ ပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့ နံရံကပ်ပြဘုတ်တွင် ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်သည့် အသိပညာပေး အကြောင်းအရာများကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများက ကြည့်ရှုမှတ်သားခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)