ထားဝယ်မြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ စာစီစာကုံး၊ ပိုစတာ/သရုပ်ဖော်ပန်းချီ ပြိုင်ပွဲကျင်းပ

ထားဝယ်  စက်တင်ဘာ  ၉

တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စက်တင်ဘာလ(၁၆) ရက်နေ့တွင် ကျရောက်မည့်ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့''အထိမ်းအမှတ်စာစီစာကုံး၊ ပိုစတာ/သရုပ်ဖော်ပန်းချီပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံပညာအထက်ကျောင်း၌ ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် အခြေခံပညာကျောင်းပေါင်းစုံမှ (စာစီစာကုံး)အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၆ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူ ၇၅ ဦး စုစုပေါင်း ၁၁၁ ဦးနှင့် ပိုစတာ/သရုပ်ဖော်ပန်းချီပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၇ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၉၇ ဦး ဖြင့် စုစုပေါင်း (၁၂၄) ဦးတို့က မွန်ထရီရယ် နောက်ဆက်တွဲစာချုပ် ရည်မှန်းချက်အောင်မြင်ဖို့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးတိုးမြှင့်ဆောင်ရွက်စို့” ဟူသောခေါင်းစဉ်ဖြင့်ပါဝင်ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည်။

ထို့နောက်တိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးမှူးဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ၏ ပါဝင်ယှဉ်ပြိုင်နေမှုကိုကြည့်ရှုအားပေးပြီး ယှဉ်ပြိုင်ဖြေဆိုခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံး ဗလာစာအုပ်၊ ပန်းချီဆွဲစက္ကူ၊ ဆေးရောင်စုံခြယ်ဘူးများ၊ ဘောပင်များ၊ မုန့်များနှင့်လက်ကမ်းစာစောင်များ ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရသည်။

ငွေဇင်ယော်(ထားဝယ်)