ရွှေကျင် စက်တင်ဘာ ၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ကို ယနေ့နံနက် (၁၀) နာရီက သီဟိုဠ်တန်းရပ်ကွက် အခြေခံပညာမူလတန်း (လွန်) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နိုင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး ရွှေကျင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုအောင်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးပြီး၊ ထူးချွန်ထက်မြတ်သူများ ဖြစ်လာစေရန်၊ သိသင့်သိထိုက်သည့် အကြောင်းအရာများကို သိရှိနိုင်ရန်အတွက် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကိုဖတ်ကြရန်နှင့် လူကုန်ကူးမှုအန္တရာယ်များအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများအား အသိပညာဗဟုသုတတိုးပွားစေရန် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များအား ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။
ထွန်းထွန်းဇော် (ပြန်/ဆက်)