မုံရွာ စက်တင်ဘာ ၉
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ စာဖတ်ရှိန်မြင့်မားရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ မွန်းလွဲ (၁) နာရီ အချိန်က မုံရွာမြို့နယ် အမျိုးသမီးအသင်း (Women Club)ဖြင့် စာရေးသူ ခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်နှင့်အတူ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ရှိန်မြင့်မားရေး စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် ဦးဆောင်ဆွေးနွေးသူ အမျိုးသမီးအသင်း( Women Club)အဖွဲ့ဝင်၊ တိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီအဖွဲ့ဝင် ဒေါ်ယဉ်မာချောနှင့်အတူ တက်ရောက်လာကြသည့် အဖွဲ့ဝင်များက " စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ" စာအုပ်ပါဆောင်းပါးများမှ နှစ်သက်ရာခေါင်းစဉ်တို့ကို ဆွေးနွေးခဲ့ကြသည်။
စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်တွင် ဆောင်းပါး ပုဒ်ရေ ၃၈ ပုဒ်ပါဝင်ပြီး စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်နိုင်ရေး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်)မှ ဖြန့်ဝေပေးပို့ထားခြင်းဖြစ်ကြောင်း၊ ဆက်လက်ပြီး အဆိုပါစာအုပ်အား မုံရွာမြို့နယ် စာအုပ်စာစောင်များ ချစ်မြတ်နိုးသူအသင်း(Book Club)ဖြင့်လည်း စာဖတ်ဝိုင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)