ရှမ်းရွာသစ် စက်တင်ဘာ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကျောင်းသား/သူလူငယ်လေးများ နေ့ထူးနေ့မြတ်နှင့် ပတ်သက်၍ အသိပညာ ဗဟုသုတရရှိစေရန်၊ ကာယ၊ ဉာဏ စွမ်းရည်များ ဖွံ့ဖြိုးတိုးတက် လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှု ရှိစေရန် ရည်ရွယ်၍ ယမန်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဉာဏစွမ်းရည်ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူးက ကျောင်းသား/ သူလူငယ်လေးများ ပူးပေါင်းပါဝင်ဆောင်ရွက်တတ်သည့် အလေ့အကျင့် ရှိစေရန်၊ စာဖတ်ခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်၊ စာကြည့်တိုက်သည် အသိပညာ ဗဟုသုတ ပေးစွမ်းသည့် နေရာတစ်ခုဖြစ်ကြောင်း သိရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ပေးရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ရာ မူလတန်းအဆင့် ကျောင်းသား/သူ (၁၅)ဦးတို့က ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကိုလည်း အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/သူများအား ဗဟုသုတရရှိစေရေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇင်လေး (ပြန်/ဆက်)