ကြံခင်းမြို့နယ် (အ.မ.က)ပန်းရံစုကျောင်းတွင် စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ကြံခင်း စက်တင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် (အ.မ.က)ပန်းရံစုကျောင်းရှိ ကျောင်းသား/သူများ အသိဉာဏ်ပညာဖွံဖြိုးတိုးတတ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်  စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး လုပ်ငန်းများကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊  မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက်(၁၀)အချိန်က အဆိုပါ ကျောင်းခန်းမတွင်   ဆောင်ရွက်ကြသည်။

ရှေးဦးစွာ (အ.မ.က)ပန်းရံစု ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းလွင်က ကျောင်းသား/သူများ  မူလတန်းအဆင့်မှစပြီး  စိတ်ဓာတ်ကောင်းသော၊ စည်းကမ်းကောင်းသော၊ ပညာရေးတွင် ထူးချွန်သော ကျောင်းသားလူငယ်များ ဖြစ်လာစေရေး ကြိုးစားကြဖို့နှင့် ပြင်ပဗဟုသုတများ တိုးပွားစေရေးအတွက် ယခုလိုဟောပြောပွဲများမှ အသိပညာပေးခြင်းကို ဂရုစိုက်မှတ်သားကြရန် ပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က စာဖတ်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူး(၇)မျိုးအား  အသိပညာပေး ဟောပြောကြသည်။

ဆက်လက်ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာန  မြို့နယ်တာဝန်ခံဦးကျော်နိုင်ဝင်းက စားသုံးရန် မသင့်သော အစားအစာများနှင့် ရရှိလာမည့် ဆိုးကျိုးများအား ရှင်းလင်းပြောကြားပြီးနောက်၊  (အ.မ.က)ပန်းရံစုကျောင်းမှ ကျောင်းသား/သူများ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  စာဖတ်ရှိန်မြင့်မားရေး စာဖတ်စွမ်းရည်ပြိုင်ပွဲများ ပြုလုပ်ပေးကာ  မြို့နယ်ဦးစီးအရာရှိက  အမှတ်တရလက်ဆောင်များ ပေးအပ်ပြီး၊ အသိပညာပေး နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များပြသပေးရာ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများပါဝင်သော မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ရသစာအုပ်မျိုးစုံအား အသိပညာပေး ပြသထားရာ  ကျောင်းသား/သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)