ပေါက်ခေါင်းမြို့နယ်၌ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း ကျန်းမာရေးအသိပညာပေးဟောပြောပွဲကျင်းပ

ပေါက်ခေါင်း စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးမြတ်၏ဦးဆောင်ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ မိုးရာသီကာလတွင်ဖြစ်ပွားမှုများပြားနိုင်သည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်း သိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(ပေါက်ခေါင်း)ရွှေရတုခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မိခင်ကလေးကျောင်းကျန်းမာအာဟာရ မြို့နယ်ဦးစီးအရာရှိဒေါ်စန်းစန်းနွယ်နှင့် အမျိုးသမီးကျန်းမာရေးဆရာမဒေါ်ဌေးဌေးမြင့်တို့က ကျောင်းသား၊ ကျောင်းသူများအား မသန့်ရှင်းသောရေနှင့်အစားအစာများကို စားသောက်မိရာမှတစ်ဆင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားရခြင်း၊ ရောဂါဖြစ်ပွားလေ့ရှိသည့် အချိန်ကာလများ၊ ရောဂါလက္ခဏာများအကြောင်း၊ ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီ ဆေးကုသမှုခံယူရမည်ဖြစ်ကြောင်းနှင့် Mpox(မျောက်ကျောက်ရောဂါ) စတင်ဖြစ်ပွားပုံနှင့် ကာကွယ်နိုင်မည့်နည်းလမ်းများအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ မြို့မဈေးနှင့်တိုက်နယ်ဆေးရုံတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ထိန်းချုပ်ရေးအသိပညာပေး ဗီနိုင်းပိုစတာများစိုက်ထူပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)