မုံရွာ စက်တင်ဘာ ၉
မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ထားသော မျောက်ကျောက် ရောဂါအကြောင်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ခရိုင်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ရာ မုံရွာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးနှင့်ဝန်ထမ်းများ၊ ခရိုင်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မေလှိုင်နှင့်ဝန်ထမ်းများနှင့် ဖိတ်ကြားထားသော ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးစွာခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်ဇင်မေလှိုင်က မျောက်ကျောက်ရောဂါအကြောင်းနှင့်စပ်လျဥ်းပြီး မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသည့် နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာများ၊ မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်သော နည်းလမ်းများ၊ မျောက်ကျောက်ရောဂါ ဖြစ်ပွားသည့်နိုင်ငံများနှင့် တွေ့ရှိရသောနေရာများနှင့်မုံရွာမြို့နယ်အတွင်း မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှ အခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီးနောက် ပြည်သူများအနေဖြင့် သံသယဖြစ်ဖွယ် မျောက်ကျောက်ရောဂါလက္ခဏာများ ခံစားရပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ ညသွားရောက်၍ စစ်ဆေးကုသမှုခံယူကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသူများက မျောက်ကျောက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ကျန်းမာရေးမှူး ဒေါ်မိုးမေက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် မျောက်ကျောက်ရောဂါ ကြိုတင်ကာကွယ်ရေး နှိုးဆော်စာများကို ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)