ပွင့်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် လာမည့်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံ နေကြာ ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများက ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် စိုက်ပျိုးစရိတ် အကုန်အကျသက်သာသည့် ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းကို မိုးရာသီနှင့် ဆောင်းရာသီတွင် အားထားစိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင်လည်း ဆီထွက်သီးနှံနေကြာ ၁၂၈၀၅ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
"ယခု လာမယ့် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံနေကြာစိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၁၂၈၀၅ ဧက စိုက်ပျိုးသွားဖို့ လျာထားပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့အတွက် ဆောင်ရွက်သွားမှာပါ။ နေကြာသီးနှံ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး ဒေသခံတောင်သူတွေကို အဆင်ပြေစွာ စိုက်ပျိုးနိုင်အောင် လိုအပ်တဲ့ မျိုးကောင်းမျိုးသန့်များ ရရှိစေဖို့၊ စိုက်ပျိုးနည်းစနစ်တွေ မှန်ကန်စေဖို့နဲ့ အထွက်နှုန်းများ တိုးတက်စေဖို့အတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောကြားခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားစေရန်နှင့် ပြည်တွင်းစားသုံးဆီဖူလုံပိုလျှံစေရန်အတွက် နေကြာသီးနှံ ၁၂၈၀၅ ဧက၊ မြေပဲ ၂၉၃၀ ဧက၊ နှမ်း ၁၂၁၄၂ ဧက၊ ပန်းနှမ်း ၁၁၅ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ စိုက်ဧက ၂၇၉၉၂ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )