မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ထုပ်ပိုးမှု(Packaging)ဆိုင်ရာနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနား တက်ရောက်

မကွေး စက်တင်ဘာ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပြည်တွင်းဒေသထွက် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံကို အခြေခံသည့် စားသောက်ကုန်ထုတ်လုပ်ရာတွင် ထုပ်ပိုးမှုဆိုင်ရာနည်းစနစ်များကိုသိရှိပြီး စနစ်တကျထုပ်ပိုးတတ်စေရန် ရည်ရွယ်၍ ထုပ်ပိုးမှု(Packaging)ဆိုင်ရာ နည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်သည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က အမှာစကားပြောကြားရာတွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနသည် ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် နည်းပညာပံ့ပိုးပေးခြင်း၊ အသက်မွေးဝမ်းကျောင်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ လုပ်ငန်းများမှတ်ပုံတင်ပေးခြင်း၊ ဓာတ်ခွဲစမ်းသပ်ပေးခြင်းများနှင့် သုတေသနတီထွင်စမ်းသပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် ဒေသလိုအပ်ချက်အရ တောင်းခံလာသော နည်းပညာသင်တန်းများကို လိုအပ်သောဒေသများသို့ သွားရောက် ပို့ချပေးလျက်ရှိပါကြောင်း၊ ဒေသတွင်း ထွက်ရှိလာသော သီးနှံများကိုအခြေခံ၍ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်ခြင်းဖြင့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်လာနိုင်ပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်သူ များလာသဖြင့် စီးပွားရေးပိုမိုဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း၊ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာစေရေးအတွက် ဒေသထွက်အစားအစာများ ထုတ်လုပ်ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်ပြီး အရည်အသွေးကောင်းမွန်စေရေးနှင့် ထုပ်ပိုးမှုနည်းစနစ်များ အဆင့်မီစေရေး ဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် ထုတ်လုပ်သည့် ပစ္စည်းများအား အဆင့်မီသည့် ထုတ်ကုန်ပစ္စည်းတွေအဖြစ် ဈေးကွက်ထိုးဖောက်နိုင်ရေးအတွက်  ယခုလို ထုပ်ပိုးမှု (Packaging)ဆိုင်ရာနည်းပညာသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ထို့အပြင် ထုတ်ပိုးရာတွင် အသုံးပြုသည့် လေစုပ်အိတ်ပိတ်စက် (၄) လုံးကိုလည်း ထောက်ပံ့သွားမှာဖြစ်သည့်အတွက် သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းကပို့ချပေးသည့် သင်ခန်းစာများကို ကြိုးကြိုးစားစား လေ့လာသင်ယူပြီး တစ်နိုင်တစ်ပိုင် လုပ်ငန်းထူထောင်နိုင်သူများဖြစ်ကာ ကုန်ထုတ်လုပ်ငန်းများပေါ်ထွက်လာပြီး မိသားစုဝင်ငွေတိုးပွားလာမှာဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသူများအတွက် လုပ်ငန်းသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်စုစုခိုင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများက တစ်ဦးချင်း  မိတ်ဆက်စကားပြောကြားကာ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့သည်။

ယင်းနောက် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူများက သင်တန်းတွင်ပို့ချသည့် သင်ထောက်ကူပစ္စည်းများအား လှည်လည်ကြည့်ရှုခဲ့ပြီး အဆိုပါသင်တန်းကို မကွေးမြို့နယ်၊ ကံသာကြီးကျေးရွာ၊ ချောက်မြို့နယ်၊ အုံမြားကြီးကျေးရွာ၊ မင်းဘူးမြို့နယ်၊ တောင်မန်းကျေးရွာများမှ သင်တန်းသား၊ သင်တန်းသူ (၁၆)ဦးအား သင်တန်းနည်းပြများမှ ထုပ်ပိုးမှုနည်းစနစ်များ၊ အစားအစာများတွင် ကျရောက်တတ်သော ဘေးအန္တရာယ်၊ အစားအစာများ ဘေးအန္တရာယ်ကင်းရှင်းရန် လိုအပ်ချက်များ၊ သီးနှံများ ပျက်စီးရသောအကြောင်းရင်းများ၊ သီးနှံများ တာရှည်ခံပြုပြင်ထုတ်လုပ်သည့် နည်းလမ်းများ၊ တာရှည်ခံဆေးဝါးများအကြောင်း၊ Packaging အမျိုးမျိုးပြုလုပ်ခြင်းနှင့် ကုန်အမှတ်တံဆိပ်အကြောင်း၊ စားသုံးသူဥပဒေနှင့် စားသောက်ကုန်ထုတ်လုပ်ရာတွင် လိုက်နာရမည့် ဥပဒေများ စသည်တို့ကို စက်တင်ဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)