လပွတ္တာ စက်တင်ဘာ ၉
လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် လယ်ယာသုံး စက်ကိရိယာများကို ကျွမ်းကျင်စွာ ကိုင်တွယ်ထိန်းသိမ်းတတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)သင်တန်းကို ယနေ့နံနက် ၈ နာရီချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လပွတ္တာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စက်မှုလယ်ယာဦးစီးဌာန၊ ခရိုင်ဦးစီးဌာနမှူး၊ ဦးမြင့်ဌေးမှ သင်တန်းဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သင်ထောက်ကူပစ္စည်းများကို သင်တန်းသားများအား ခရိုင်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်စက်မှု လယ်ယာဦးစီးဌာနမှူးတို့က ပေးအပ်ခဲ့ကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသား(၃၀)ဦးကို စပါးရိတ်သိမ်း ခြွေလှေ့စက်ကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှုနှင့် ချိန်ညှိနိုင်မှုများကို စာတွေ့လက်တွေ့စနစ်တကျ သင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၁၂)ရက်တာဖြစ်ကြောင်း သိရသည်။
မူမူ