မကွေး စက်တင်ဘာ ၉
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာပြည်သူများသည် ယမန်နေ့တွင် မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိခဲ့ရာ မကွေးတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက စစ်ဘေးရှောင်ပြည်သူများအားတွေ့ဆုံ၍ ယာယီစီမံထားသည့် မကွေးတက္ကသိုလ် ဗိဿနိုးဆောင်တွင် နေထိုင်နိုင်ဖို့အတွက် စီမံဆောင်ရွက်ပေးကာ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများအဖွဲ့သည် ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ လိုအပ်သည်များမေးမြန်းကာ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာပြည်သူများ နေထိုင်စားသောက်ရေး အဆင်ပြေစေဖို့အတွက် စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားကြောင်း၊ ယခုယာယီနေထိုင်ဖို့ မကွေးတက္ကသိုလ် ဗိဿနိုးဆောင်မှာ စီမံဆောင်ရွက်ထားတာဖြစ်ပြီး၊ သီးခြားနေရာ တစ်ခုစီစဉ်ကာ (၃)ပတ်လည်အိမ်များ အမြန်ဆောက်လုပ်ပေးပြီး နေရာချထားပေးကာ၊ ကောင်းမွန်စွာနေထိုင်နိုင်ရေးနဲ့ အလုပ်အကိုင်ရရှိ လုပ်ကိုင်နိုင်ရေးတို့အတွက် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
မကွေးတိုင်းဒေသကြီး မကွေးမြို့သို့ ရောက်ရှိလာသည့် ချင်းပြည်နယ်၊ ကျင်ဒွေးဒေသမှ ယာယီနေရပ်စွန့်ခွာ ပြည်သူများအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကာ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းပြီး အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါပုံး၊ မီးဖိုချောင်သုံးပစ္စည်း(၈)မျိုးပါပုံး၊ မိသားစုသုံးပစ္စည်း(၁၁)မျိုး ပါပုံး၊ သောက်ရေပုံး၊ သင်ဖြူးဖျာ၊ အမျိုးသား၊ အမျိုးသမီးတစ်ကိုယ်ရည်သုံးပစ္စည်း(၁၁)မျိုးပါအိတ်၊ စောင်၊ (၁၀)လီတာဆံ့ ရေပုံး၊ တာပေါ်လင်မိုးကာစသည်တို့အား စစ်ဘေးရှောင်ရောက်ရှိလာသော အိမ်ထောင်စု(၃၃)စုမှ လူဦးရေ(၁၀၄)ဦးအတွက် အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ