မင်းဘူး စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့၌ လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့၊ စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၈)စက်မှုလယ်ယာစခန်းရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မကွေးတိုင်းဒေသကြီး စက်မှုလယ်ယာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးအောင်မွန်က သင်တန်းသားများအတွက် သင်ထောက်ကူပစ္စည်းများကို ပေးအပ်ခဲ့သည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းခွင်သုံးစက်ကိရိယာများကို အသုံးပြုလုပ်ကိုင်သုံးစွဲနေသော ဒေသခံတောင်သူများအနေဖြင့် စက်မှုလယ်ယာနှင့်ပတ်သက်သည့် အသိပညာ၊ အတတ်ပညာများ သိရှိတတ်မြောက်ပြီး လယ်ယာသုံးစက်ကိရိယာများကို ကျွမ်းကျင်ပိုင်နိုင်စွာ မောင်းနှင်ထိန်းသိမ်းတတ်စေရန်၊ လုပ်သားရှာပါးမှုအခက်အခဲများကို ရင်ဆိုင်ကျော်လွှားပြီး လက်မှုလယ်ယာမှ စက်မှုလယ်ယာသို့ ခေတ်စနစ်နှင့်အညီ အသွင်ကူးပြောင်းလုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်လုပ်ဆောင်နိုင်စေရန်နှင့် လယ်ယာသုံးစက်ကိရိယာများကို အန္တရာယ်ကင်းဘေးရှင်းစွာ မောင်းနှင်ကိုင်တွယ် အသုံးပြုတတ်စေရန်အတွက် ယခုသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မျိုးမြင့်က ပြောကြားခဲ့သည်။
စက်မှုလယ်ယာဦးစီးဌာန၊ မင်းဘူးမြို့ အမှတ်(၈)စက်မှုလယ်ယာစခန်းက ကြီးမှူးဖွင့်လှစ်သည့် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၄)တွင် မင်းဘူး(စကု)မြို့နယ်အတွင်းမှ ဒေသခံတောင်သူ သင်တန်းသား ၃၀ ဦး တက်ရောက်ခဲ့ကြောင်း၊ အဆိုပါသင်တန်းတွင် စပါးရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်ကြီး၊ ကောက်စိုက်စက်၊ လက်တွန်းထွန်စက်နှင့် လယ်ယာသုံးစက်ကိရိယာအမျိုုးမျိုး မောင်းနှင်ထိန်းသိမ်းမှု စသည့် ဘာသာရပ်များကို စက်မှုလယ်ယာဦးစီးဌာနမှ ကျွမ်းကျင်နည်းပြများက စာတွေ့၊ လက်တွေ့ဖြင့် စက်တင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၁၂ ရက်ကြာ စနစ်တကျ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
မောင်မောင်(မင်းဘူး)