ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးပြီးစီး

ကျွန်းလှ စက်တင်ဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးသီးနှံ စိုက်ပျိုးရာသီ၌ စပါးအပြင် သီးနှံမျိုးစုံစိုက်ပျိုးကြရာ မိုးစပါး ဧက ၃၄၀၀၀ ကျော်စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 “ဒီနှစ်ကျွန်းလှမြို့နယ်မှာ မိုးစပါးစိုက်ပျိုးဖို့ ၃၄၀၉၇ ဧက လျာထားပြီး ၃၄၀၉၈ ဧက စိုက်ပျိုး နိုင်ခဲ့ပါတယ်။ တောင်သူတွေကို သွင်းအားစုပစ္စည်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး အတွက် ယူရီးယားဓာတ်မြေဩဇာများ ရောင်းချပေးပြီးဖြစ်ပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူး ဒေါ်မြင့်မြင့်ရီက ပြောသည်။

အဆိုပါ မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး တစ်ဧက ပန်းတိုင်အထွက်ရရှိရေးအတွက် သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာ အချိုးကျရောစပ်ပြီး အချိန်ကိုက်သုံးစွဲရေး၊ ပေါင်းမြက် ကင်းစင်ရေး၊ ပိုးမွှားကျရောက်မှုကင်းရှင်းရေးစသည့် စိုက်ပျိုးရေးဆိုင်ရာများ ကွင်းဆင်းအသိပညာပေးလျက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ဒေသရာသီဥတုနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်း စပါးမျိုးများ စိုက်ပျိုးကြကြောင်း၊ ယခင်နှစ် ၃၄၀၉၃ ဧက စိုက်ပျိုးခဲ့ပြီး ယခုနှစ် မိုးစပါး ၃၄၀၉၈ ဧက စိုက်ပျိုးထားကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးဝင်းညို