မုံရွာ စက်တင်ဘာ ၉
စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်ကိုင်းမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ စစ်ကိုင်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။
ဦးစွာ စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား/သူ များက “ဝထကလသ”တေးသီချင်းသီဆို၍ အခမ်းအနားအား ဖွင့်လှစ်ကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က စာတတ်မြောက်ရေးဆိုင်ရာ လုပ်ငန်းများသည် လူမှုအဖွဲ့အစည်း အခြေခံအခန်းကဏ္ဍမှပါဝင်သည့် မရှိမဖြစ် လူ့အခွင့်အရေး တစ်ရပ်အဖြစ် သိရှိနားလည်စေရန် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအား အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးအနေဖြင့် စာမတတ်သူများ အတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအစီအစဉ်များအား နှစ်အလိုက်ဆောင်ရွက်လျက် ရှိရာ ကျေးလက်နေပြည်သူများအား ရက်ပေါင်း ၄၀ နာရီပေါင်း ၁၂၀ ဖြင့် လုပ်အားပေးဆရာ၊ ဆရာမ ၈၁၆ ဦးတို့မှ စာသင်ဝိုင်း ၅၃၈ ခုဖြင့် စာသင်သား ၈၃၁၁ ဦးအား စာတတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများအား ဝိုင်းဝန်းကူညီပေးခဲ့ ကြသည့် ဌာနအဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များအား မိမိတို့တိုင်းဒေသကြီးအစိုးရ အဖွဲ့အနေဖြင့် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးက ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ရုံးမှပေးပို့သော သဝဏ်လွှာအားဖတ်ကြားပြီး မြန်မာနိုင်ငံစာတတ်မြောက်ရေး လှုပ် ရှားမှု မှတ်တမ်း Video Clip အား ကြည့်ရှုအားပေးကြသည်။ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝန် ရှိသူများက ၂၀၂၄-ခုနှစ်၊ နိုင်ငံတကာစာတ်မြောက်ရေးနေ့ အထိမ်းအမှတ် အထက်တန်း၊အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများအား အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်ပြီး စစ်ကိုင်းမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ သူများက “စေတနာပန်းတို့ လန်းရာမြေ”တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြရာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီးက သီဆိုဖျော်ဖြေပေးသွားကြသော ကျောင်းသား/သူ များအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ် မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်း၊ အလယ်တန်းအဆင့် ဆုရစာစီစာကုံး၊ ကဗျာ၊ ဆောင်းပါး၊ ပန်းချီများနှင့် မှတ်တမ်းဓါတ်ပုံများအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)