မြဝတီမြို့ရှိ အာဇာနည်ပန်းခြံအား တိုးချဲ့ဆောက်လုပ်

မြဝတီ နိုဝင်ဘာလ ၂၁

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ အာဇာနည်ပန်းခြံအား နိုဝင်ဘာလ ၈ ရက်နေ့ကစပြီး မြဝတီမြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် စည်ပင်သာယာရေးအဖွဲ့တို့က စတင်တိုးချဲ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြဝတီမြို့တွင် လူဦးရေထူထပ်လာသောကြောင့် အာဇာနည်နေ့နှင့်အခြားနေ့များ၌ နိုင်ငံတော်အလံ အလေးပြုရာတွင် အခက်အခဲဖြစ်သောကြောင့် အာဇာနည်ပန်းခြံအား ယခုလိုတိုးချဲ့ ဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအာဇာနည်ပန်းခြံအား တိုးချဲ့ဆောက်လုပ်ရခြင်းနှင့် ပတ်သက်၍ မြဝတီမြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်းရွှေက “ မြဝတီမြို့မှာ လူဦးရေထူထပ်လာတဲ့အတွက် အာဇာနည်နေ့နှင့်အခြားနေ့တွေမှာ နှစ်စဉ်နိုင်ငံတော်အလံအလေးပြုတဲ့အခါ တော်တော်လေး လူဦး ရေများတဲ့အတွက် ကျွန်တော်တို့ဟာ နေရာလိုအပ်ပါတယ်၊ နေရာလိုအပ်တဲ့အတွက် ကျွန်တော်တို့ဟာ  ဒီနေရာဘေးမှာ မူကြိုကျောင်းရှိတယ်၊ မူကြိုကျောင်းရှိတဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့ကို မြေနေရာတောင်းပြီးတော့ အဲဒီမူကြိုကျောင်းကို အမှတ် (၄) ရပ်ကွက်ရှိ ငါးကန်နေရာမှာ ပြန်လည်ဆောက်လုပ်ပေးတယ်။ အခုက ဒီနေရာကိုအများပြည်သူတွေ နှစ်စဉ်နှစ်စဉ် အလေးပြုနိုင်အောင်လို့ အခုလိုတိုးချဲဆောက်လုပ်ရတယ်” ဟု ပြောကြားခဲ့သည်။

အာဇာနည်ပန်းခြံကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် မြို့နယ်စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် စည်ပင်သာယာ ရေးအဖွဲတို့က တိုးချဲ့ဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။

မန်းသန်းရွှေမြင့်