လွိုင်ကော် စက်တင်ဘာ ၉
ကယားပြည်နယ် ၂ဝ၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ပညာရေးမှူးရုံး၊ ပညာဗိမာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်းသား၊ ကျောင်းသူများက “တို့အင်တို့အား” သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် “နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာတွင် ပညာရည်မြင့်မားခြင်းသည် အဓိကလိုအပ်ချက်တစ်ချက်ဖြစ်ကြောင်း၊ စာပေသည် ပြည်သူများအတွက် အသိလိမ္မာသိုမှီးရာ၊ ထုတ်ယူသုံးစွဲရာ ပညာဘဏ်တိုက်ကြီးလည်းဖြစ်ကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းတက်ရောက်နိုင်ရေး၊ KG+9 ဖြစ်သော အခြေခံပညာအလယ်တန်းအဆင့် ပညာရေးပြီးမြောက်ရေး၊ စိုက်ပျိုးရေး မွေးမြူရေးပညာနှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်သူများ ဖြစ်လာစေရန်ဆက်လက် သင်ယူသွားနိုင်ရေး ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း၊ စာပေတတ်မှ အသိပညာဗဟုသုတတိုးပွားပြီး လူ့ဘောင်အဖွဲ့အစည်းလည်း တိုးတက်နိုင်မည်ဖြစ်၍ ငြိမ်းချမ်းသောကမ္ဘာသို့ ကူးပြောင်းနိုင်မည်ဖြစ်ရာ စာတတ်မြောက်ရေးကို အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ကြောင်း” စသည်ဖြင့် ပြောကြားသည်။
ထို့နောက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ထံမှ ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ကယားပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးသိန်းက ဖတ်ကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်စာတတ်မြောက်ရေးလှုပ်ရှားမှုမှတ်တမ်း (Video Clip) အား ပြသခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာ စာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများတွင် ပြည်နယ်အဆင့် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့် ပေးအပ်ရာဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများက ဆုများအသီးသီးလက်ခံရယူခဲ့ကြသည်။
ထို့နောက် လွိုင်ကော်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းသား၊ ကျောင်းသူများက “စာတတ်မြောက်ရေးဝိုင်းကူပေး” သီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြပြီး အဖွင့်သီချင်းနှင့် အပိတ်သီချင်းဖြင့် သီဆိုကြသော ကျောင်းသား၊ ကျောင်းသူများအား ကယားပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးက ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးနှုတ်ဆက်စကားပြောကြားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ပြခန်းများနှင့် ဆုရရှိသည့် စာစီစာကုံးနှင့် ပန်းချီများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။
ပြည်နယ် (ပြန်/ဆက်)