မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် တိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်

မကွေး စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး ၂၀၂၄ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၉  နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ အနောက်ပိုင်းလေတပ်ကွတ်ကဲမှုဌာနချုပ်မှူး ဗိုလ်ချုပ် သိန်းထွန်းဦး၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရှေ့နေချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အစိုးရမဟုတ်သော လူမှုရေးအသင်းအဖွဲ့များမှတာဝန်ရှိပုဂ္ဂိုလ်များ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ကျောင်းသား၊ ကျောင်းသူလေးများက ဝထကလသသီချင်းဖြင့် သရုပ်ဖော်တင်ဆက်ခဲ့ကြပြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လူသားတစ်ဦးချင်း၏ ရပိုင်ခွင့်နှင့် အားလုံးအကျုံးဝင်သည့် ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများ ရေရှည်တည်တံ့ခိုင်မာရေးအတွက် အခြေခံဖြစ်သည့် စာတတ်မြောက်မှုကို မီးမောင်းထိုးပြနိုင်ရန်နှင့် ပညာသင်ယူနိုင်သည့် အခွင့်အလမ်းများ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်လျက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားများကို စက်တင်ဘာလ (၈)ရက်နေ့တွင် ကမ္ဘာ့တစ်ဝန်းကျင်းပကြကြောင်း၊ ယခုနှစ် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနား၏ ဆောင်ပုဒ်ဖြစ်သည့် “Promoting multilingule education: literacy  for mutual understanding and peace  အပြန်အလှန်နားလည်မှုနှင့် ငြိမ်းချမ်းရေးအတွက် စာတတ်မြောက်ရန်လိုအပ်လို့ ဘာသာစကားစုံပညာရေးကို မြှင့်တင်ကြပါစို့ ဟူသော ဆောင်ပုဒ်နှင့်အညီကမ္ဘာပေါ်ရှိ နိုင်ငံများအလိုက် ယခုအခါ ကျင်းပနေကြပြီဖြစ်ပါကြောင်း၊ လူသားများအကျိုးကို ထိရောက်စွာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာနိုင်ငံများအလိုက် Policy များ၊ နည်းစနစ်များနှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်မှုများကို မိမိပတ်ဝန်းကျင်နှင့်ဆီလျော်သော ပူးပေါင်းအင်အားများဖြင့် ဆောင်ရွက်မှသာ နိုင်ငံတိုင်းအနေဖြင့် ပညာရေးဖြင့် တည်ငြိမ်အေးချမ်းသောလူ့အဖွဲ့အစည်းကမ္ဘာကြီးသို့ ပြောင်းလဲနိုင်မှာဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာ့နိုင်ငံအသီးသီးမှာ ဆောင်ရွက်လျက်ရှိတဲ့ စာတတ်မြောက်ရေးလုပ်ငန်းများ ထိရောက် အောင်မြင်ပေါက်မြောက်စေရန်ရည်ရွယ်ပြီး ၁၉၆၅ ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့မှာ အီရန်နိုင်ငံ၊ တီဟီရန်မြို့၌ နိုင်ငံပေါင်း (၈၉)နိုင်ငံမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသော ကမ္ဘာ့စာတတ်မြောက်ရေးကွန်ယက် တစ်ရပ်ကို(၁၂)ရက်တိုင်တိုင် ကျင်းပခဲ့ပါကြောင်း၊ စတင်ကျင်းပခဲ့တဲ့ စက်တင်ဘာလ(၈)ရက်နေ့ကို ကုလသမဂ္ဂယူနစ်စကို အထွေထွေညီလာခံကြီးက “နိုင်ငံတကာ စာတတ်မြောက်ရေးနေ့” အဖြစ် သတ်မှတ်ပြဌာန်းပေးခဲ့ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၉)ရပ်တွင်ပါဝင်သော တစ်နိုင်ငံလုံး အသိပညာအတတ်ပညာ မြင့်မားတိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှု အထောက်အကူပြု ပညာရှင်များ ထွန်းကားလာစေရေးအတွက် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရေး၊ ကျောင်းနေနှုန်းမြင့်မားရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေး၊ အမှန်တကယ်စာတတ်မြောက်ရေး၊ Master Plan ရေးဆွဲရေး၊ ဥပဓိရုပ်ကောင်းမွန်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး အားပေးရေး၊ ဆရာ/ဆရာမ အရည်အသွေးမြှင့်တင်ရေး၊ စီမံခန့်ခွဲမှုအရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံချစ်စိတ်နှင့်မျိုးချစ်စိတ်ရှိသော နိုင်ငံ့သားကောင်းများမွေးထုတ်ရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစသည့်လုပ်ငန်းများကို အလေးထားအကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရည်မြင့်မားရေး အနှစ်(၃၀)နှစ် ရှည်စီမံကိန်း ၂၀၀၁-၂၀၀၂ ဘဏ္ဍာရေးနှစ်မှ ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်အထိ စီမံကိန်း၏အခြေခံမူများဖြစ်သည့် ပြည်ထောင်စုထဲတွင် စာမတတ်သူများနည်းပါးသွားပြီးလျှင် ဗလငါးတန်နှင့်ပြည့်စုံသော ပြည်ထောင်စုသားများ တိုးတက်ပေါများလာစေရန်ရည်ရွယ်ချက်များဖြင့် စာတတ်မြောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်၍ တိုင်းရင်းသားပြည်သူများအပါအဝင် ဒေသအာဏာပိုင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ၊ လူမှုရေးအသင်းအဖွဲ့များစသည့် အဖွဲ့အားလုံး ပူးပေါင်းပါဝင်ကာ တစ်နိုင်ငံလုံးဖြန့်ကျက်လျက် ကြိုးပမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးရုံး ညွှန်ကြားရေးမှူး ဒေါက်တာကျော်စိုးနိုင်က ယူနက်စကို ညွှန်ကြားရေးမှူးချုပ်ထံမှပေးပို့သည့် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ သဝဏ်လွှာအားဖတ်ကြားကာ၊ စာတတ်မြောက်ရေးလုပ်ငန်းများဆောင်ရွက်မှု VIDEO CLIP အား ပြသခဲ့သည်။

ထို့နောက် ဇာတိမာန်တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ကာ၊ ကပြဖျော်ဖြေခဲ့ကြသည့်အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ