ငဖဲမြို့နယ်တွင် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ငဖဲ စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာအကြောင်းအရာများကို မိဘပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးဦးပွားမောင်က သန်းခေါင်စာရင်းကောက်ယူသည့်ရည်ရွယ်ချက်၊ သန်းခေါင်စာရင်းအကြောင်းသိကောင်းစရာများ၊ သန်းခေါင်စာရင်းဉပဒေဆိုင်ရာအကြောင်းအရာများနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို လာမည့်အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်၍ သက်ဆိုင်ရာမြို့နယ်ကော်မတီအဖွဲ့နှင့်ပြည်သူများက ပူးပေါင်းပါဝင်ကြရန် အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသူများမှသိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။

ထို့နောက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဝန်ထမ်းများမှ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များကို ကျေးရွာပြည်သူများအားဖြန့်ဝေပေးခဲ့ကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)၊ ဌာနဆိုင်ရာများနှင့် ပေကုန်းကျေးရွာမှ ပြည်သူ ၉၇  ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။             

မယု(ငဖဲ)