၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင် စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များ ဖြန့်ဝေ

ဖြူး စက်တင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ "ပြည်သူအားလုံးပါဝင်လို့ သန်းခေါင်စာရင်းကောက်ကြစို့" ဆောင်ပုဒ်နှင့်အညီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာ‌စောင်များကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေး လမ်းမပေါ်တွင် သွားလာသူများ၊ မော်တော်ဆိုင်ကယ်များ၊ ခရီးသည်တင်မော်တော်ယာဉ်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးမှူး၊ ဦးမြင့်သိန်းနှင့် ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များက ဖြန့်ဝေခဲ့ကြောင်း သိရသည်။

၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရခြင်းသည် လူဦးရေစာရင်းများ မှန်ကန်မှ အနာဂတ်လူနေမှုဘဝတိုးတက်မြင့်မားမည်ဖြစ်ပြီး နိုင်ငံတော်၏ စီမံကိန်းများ အောင်မြင်စေမည့် အခြေခံကျသော လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူမည်ဖြစ်ရာ ကောက်ယူမည့် အချက်အလက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)