‌ရေနံချောင်းမြို့နယ်၌ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပ

ရေနံချောင်း စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်မြို့နယ်၌ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့တွင် ကျရောက်သည့် (၅၈)နှစ်ပြည့်မြောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အဖြစ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ကျင်းပသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမီအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းမောင်(နွေဦးမွန်)နှင့် အသင်းဝင်များ၊ စာပေဝါသနာရှင်များ တက်ရောက်ကာ စာရေးဆရာလူခါးနှင့် အခြားစာရေးဆရာများ ပါဝင်ရေးသားထားသည့် “လူငယ်နှင့် အောင်မြင်မှုပန်းတိုင်ဆီသို့” စာအုပ်ကိုဖတ်ရှုခဲ့ကြပြီး အဆိုပါစာအုပ်တွင်ပါရှိသည့် အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်များကို တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)