ဂန့်ဂေါ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၌ မိုးရာသီချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၇) ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်ခန့်က မြို့နယ်ပြည်သူ့အားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဗိုလ်လုပွဲအဖြစ် အမှတ်(၂)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်အသင်းတို့က ယှဉ်ပြိုင်ကစားကြရာ အမှတ်(၂)ရပ်ကွက်အသင်းက အမှတ်(၃)အသင်းကို (၃-၂)ဂိုးဖြင့် အနိုင်ရရှိပြီး ပထမရရှိခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ဆုပေးပွဲအခမ်းအနားကို ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးက ပထမရရှိသည့် အမှတ်(၂) ရပ်ကွက်အသင်းအားလည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးဝင်းက ဒုတိယဆုရရှိသည့် အမှတ်(၃)အသင်းအားလည်းကောင်း၊ မြို့မိမြို့ဖ ဦးလွင်ဦးက တတိယဆုရရှိသည့် မြောက်ကုန်းအသင်းအားလည်းကောင်း၊ မြို့မိမြို့ဖ ဦးဌေးလွင်က စတုတ္ထဆုရရှိသည့် ခလရ(၅၀)တပ်ဖွဲ့ ကိုယ်စားပြုအသင်းအားလည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးဌေးမင်းက နှစ်သိမ့်ဆုရရှိခဲ့သည့် ကျောတိုက်အသင်း၊ မြို့နယ်ရဲတပ်ဖွဲ့အသင်းနှင့် ညွန့်ပေါင်းအသင်းတို့အားလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံးဆုများကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့နယ်အဆင့် မိုးရာသီချစ်ကြည်ရေးဘောလုံးပြိုင်ပွဲကို နယ်မြေအသင်း(၇)သင်းဖြင့် ယှဉ်ပြိုင်ကစားခဲ့ပြီး ပထမဆုကို ဆုဖလား၊ ရွှေတံဆိပ်လည်ဆွဲနှင့် ဆုငွေ (၅)သိန်းကျပ်၊ ဒုတိယဆုကို ငွေတံဆိပ်လည်ဆွဲနှင့် ဆုငွေ(၃)သိန်းကျပ်၊ တတိယဆုကို ကြေးတံဆိပ်လည်ဆွဲနှင့် ဆုငွေ (၂)သိန်းကျပ်၊ စတုတ္ထဆုကို ဆုငွေ(၁)သိန်းခွဲကျပ်နှင့် နှစ်သိမ့်ဆုများကို ဆုငွေ (၁)သိန်းကျပ်၊ နေရာအလိုက် အကောင်းဆုံးဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး ကစားသမားဆုတို့ကိုလည်း တစ်ဆုလျှင် ဆုတံဆိပ်နှင့် ဆုငွေ (၅)သောင်းကျပ် အသီးသီးချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)