နတ်မောက် စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့လူထုအခြေပြုဗဟိုဌာ (Community Centre)ခန်းမ၌ ယမန်နေ့နံနက်(၁၀)နာရီအချိန်က နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ပြုလုပ်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နတ်မောက်မြို့နယ်ရုံးမှ ဒေါ်ဥမ္မာခင်(ဦးစီးအရာရှိ)က စာတတ်မြောက်ခြင်းသည် လူတစ်ဦးချင်စီ၏ အသိုင်းအဝိုင်းများနှင့် အပြည့်အဝထိတွေ့ဆက်ဆံရန်၊ သတင်းအချက်အလက်ရယူရန်နှင့် ဆုံးဖြတ်ချက်များကို ချမှတ်ရန်အရေးပါကြောင်း၊ စာတတ်မြောက်ခြင်းသည် ပုဂ္ဂိုလ်ရေးနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားဖြစ်ပြီး အခွင့်အရေးများကို ပိုမိုနားလည်သဘောပေါက်နိုင်စေမှာဖြစ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုရယူရန်၊ ပညာရေးကိုလိုက်စားရန် အထောက်အကူပြုပါကြောင်း၊ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို လူတစ်ဦးချင်းစီနှင့် လူမှုအသိုင်းအဝိုင်းများ နားလည်သဘောပေါက်ပြီး ဖြေရှင်းနိုင်ရန် ကူညီပေးသောကြောင့် ရေရှည်တည်တံ့ခိုင်မြဲမှုကို မြှင့်တင်ရန်အတွက် စာတတ်မြောက်မှုသည် အရေးကြီးပါကြောင်း ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောပွဲအပြီးတွင် ရုံးရှေ့တွင်ပြသထားသော မူးယစ်အသိပညာပေး၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး၊ ကလေးအလုပ်သမပပျောက်ရေးစသည့် အသိပညာပေးအကြောင်းအရာများကို စိတ်ပါဝင်စားစွာကြည့်ရှု့ခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၄၅)ဦး တက်ရောက်ခဲ့သည်။
လှဝင်း