ညောင်လေးပင်မြို့နယ် အ.ထ.က (ခွဲ)ကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ညောင်လေးပင် စက်တင်ဘာ ၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ ကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့မွန်းလွဲ (၁၃း၃၀) နာရီအချိန်က အ.ထ.က ( ခွဲ ) ညောင်လေးပင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ခင်နွဲ့က အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံစာရေးဆရာအသင်းဗဟိုအလုပ်အမှုဆောင် ဒေါက်တာမြင့်သန်း (ညောင်လေးပင်)က "စာကိုလည်းသင်၊ စိတ်ကိုလည်းသင် "ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ညောင်လေးပင်မြိုနယ် စာရေးဆရာအသင်းအဖွဲ့ဝင် ဦးဌေးနိုင်က "စာပေဖတ်ရှုခြင်း "ခေါင်းစဥ်ဖြင့်လည်းကောင်း  ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းအဖွဲ့ဝင် လှမြင့်ဦး( ညောင်လေးပင်) က "ဘဝထဲက ကဗျာ၊ ကဗျာထဲက ဘဝ " ခေါင်းစဥ်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီဝင်းက လူငယ်များ ပြည်သူ့စာကြည့်တိုက် အသုံးပြုမှုအကြောင်း စသည့် ခေါင်းစဥ်များဖြင့် အသီးသီးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမား အသိပညာပေး၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး စသည့် နံရံကပ်စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြသည်။

အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊  ညောင်လေးပင်မြို့နယ် စာရေးဆရာအသင်းနာယကနှင့် အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ဦးရေ(၃၂၅)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)