စေတုတ္တရာ စက်တင်ဘာ ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူလေးများဗလငါးတန်ဖြင့် ပြည့်စုံစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးလူငယ်စကားဝိုင်းဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း (ဖအိုင်း)တွင် ကျင်းပသည်။
အခမ်းအနားတွင် ဦးစွာအခြေခံပညာဦးစီးဌာနမြို့နယ်ပညာရေးမှူးဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝင်းအိမွန်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်၊ လူအများရှေ့တွင် စကားပြောစွမ်းရည် ထက်မြက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများရရှိကာ အနာဂတ်နိုင်ငံတော်အတွက် သားကောင်း၊ သမီးကောင်းများပေါ်ထွန်းလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိက ဦးဆောင်ဆွေးနွေးသူအဖြစ်ဆောင်ရွက်ကာ အ.ထ.က(ဖအိုင်း)ကျောင်းမှ Grade-9 ၊ Grade-10 ၊ Grade -11 တို့မှ ကျောင်းသူ(၄)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အနာဂတ်စသည့်ခေါင်းစဉ်များဖြင့် ပါဝင်ဆွေးနွေးကြရာ တက်ရောက်လာသည့် ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကြသည်။
လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးအရာရှိဦးမြတ်စိုးလင်းက အားကစားပစ္စည်းများထောက်ပံ့ပေးအပ်ရာ အ.ထ.က(ဖအိုင်း) ကျောင်းအုပ်ဆရာမကြီးကလက်ခံရယူ၍ လူငယ်စကားဝိုင်းသို့ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနဦးစီးအရာရှိ၊ အ.ထ.က ဖအိုင်းမှကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)