ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုအားပေး

ဘားအံ စက်တင်ဘာ ၈

ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား မြို့အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပသော အစိမ်းရောင် ခရီးသွားမြို့တော် ဖြစ်စေရေးအတွက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို အပတ်စဉ်စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ သုဓမ္မာနိကာယအရိယဝံသကျောင်းတိုက်၊ မဟာဝိဇယာရာမ သရက်တောကျောင်းတိုက်၊ မြိုင်သဇင်ကျောင်းတိုက်၊ လေသာကျောင်းတိုက်၊ အမိတာရာမရဲကျောင်းတိုက် ဆရာတော်များအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ လျောက်ထားတင်ပြကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းကြပြီး အဆိုပါ ကျောင်းတိုက်များတွင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား (၈၅၀) ဦးကျော်ဖြင့် ယာဉ်၊ ယန္တရားများအသုံးပြု၍ သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလက်စတစ်နှင့် အမှိုက်များ ဖယ်ရှားခြင်း၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့မဈေးကြီးအား သဘာဝဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာများ စီမံဆောင်ရွက်ထားရှိမှု၊ ဈေးအတွင်း ဈေးသူ၊ ဈေးသားများ၏ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားနေမှု၊ မြို့မသားငါးဈေးရုံအတွင်း အသားနှင့်ငါးအမျိုးမျိုး ရောင်းဝယ်ဖောက်ကားနေမှု၊ အမှတ်(၁) အဆင့်မြင့်ပျံကျဈေးအတွင်း ဆန်၊ အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အခြေခံစားသောက်ကုန်၊ ဟင်းသီး၊ ဟင်းရွက်များနှင့် လူသုံးကုန်၊ စားသောက်ကုန်ပစ္စည်းအမျိုးမျိုး ရောင်းဝယ်ဖောက်ကားနေမှု အခြေအနေများကို လိုက်လံကြည့်ရှု အားပေး၍ အဆင့်ဆင့် သယ်ယူပို့ဆောင်ရောင်းချရာတွင် ကုန်ကျသည့် ကုန်ကျစရိတ်များ၊ တစ်ဆင့် ပြန်လည်ရောင်းချသည့် ဈေးနှုန်းများကို ဈေးရောင်းချသူများနှင့် ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ​ဆွေး​နွေး​မေးမြန်းခဲ့ရာ ပြည်နယ်စည်ပင် သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး သူရမြင့်သူနှင့် တာဝန်ရှိသူများက ဈေးအတွင်း ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ ရောင်းဝယ်ဖောက်ကားနိုင်ရေး စီမံဆောင်ရွက်ပေးထားမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဈေးအတွင်း သန့်ရှင်းသပ်ရပ်မှုရှိစေရေး၊ ရေမြောင်းများ ရေစီးရေလာကောင်းမွန်စေရေး၊ ကုန်ဈေးနှုန်းများ တည်ငြိမ်မှုရှိစေရေး၊ သန့်ရှင်းလတ်ဆက်၍ ကျန်းမာရေးနှင့် ညီညွတ်သော ဒေသထွက် ဟင်းသီးဟင်းရွက်များ၊ စားသောက်ကုန်များ ရောင်းချနိုင်ရေးနှင့် အများပြည်သူ စိတ်အေးချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ရေး စနစ်တကျ စီမံဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်လျက်ရှိသော သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး(၄)ထပ်အဆောက်အဦ  တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ ဖြစ်မြောက်ရေးဦးစီးကော်မတီဝင်များ၊ တည်ဆောက်ရေးဆပ်ကော်မတီဝင်များ၊ အရည်အသွေးစစ်ဆေးရေး ဆပ်ကော်မတီဝင်များက ရာခိုင်နှုန်းအားဖြင့် (၃၅)ရာခိုင်နှုန်းခန့် တည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အမြန်ဆုံး တည်ဆောက်ပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး နွေရာသီရေရှိရေး ကျောက်ဖောက် တွင်းတူးစက်ကြီးဖြင့် စက်ရေတွင်း တူးဖော်ပေးထားမှုကို ကြည့်ရှုစစ်ဆေးပြီး နွေ၊ မိုး၊ ဆောင်းရာသီမရွေး ရေလုံလောက်စွာ အသုံးပြုနိုင်ရေးအတွက် အမြင့်တင်ရေစင်ကြီးများ တည်ဆောက်ပေးနိုင်ရေး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)