ဖျာပုံ စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အ.ထ.က(ကနိ)ကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်နှင့် ဝန်ထမ်းများသည် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အ.ထ.က(ကနိ)ကျောင်း၊ ကျော်ဇံဦးခန်းမ၌ ပြုလုပ်ကြသည်။
အဆိုပါဟောပြောပွဲတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးဦးသန့်ဇင်က လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ တစ်အိမ်တက်ဆင်းကောက်ယူမည်ဖြစ်ကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှန်ကန်စွာရရှိစေရေးအတွက် သက်ဆိုင်ရာမြို့နယ်ကော်မတီအဖွဲ့နှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊တာဝန်ရှိသူများ ပူးပေါင်း၍ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူဦးရေသန်းခေါင်စာရင်းကောက်ယူရာတွင်လည်း လုပ်ငန်းပြီးမြောက်အောင် ပြည်သူအားလုံးဝိုင်းဝန်းကူညီ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့ပြီး အ.ထ.က(ကနိ)ကျောင်း၊ ကျောင်းအုပ်ဆရာကြီးဦးမြမိုးက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အသိပညာပေးလက်ကမ်းစာစောင်များအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆရာ၊ ဆရာမများနှင့် ကျောင်းသားကျောင်းသူများ၏ လက်ဝယ်အရောက်လိုက်လံဖြန့်ဝေပေးကြသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ အ.ထ.က(ကနိ) ကျောင်းအုပ်ဆရာကြီး ဦးမြမိုးနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ကနိကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများတက်ရောက်ကြကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)