မြို့နယ်အဆင့် ဌာနဆိုင်ရာများအား မျောက်ကျောက်ရောဂါအကြောင်း အသိပေးရှင်းလင်း

ရေဦး စက်တင်ဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးခရိုင်၊ ရေဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက် (၁၀) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေနဒီဦးခန်းမတွင် မျောက်ကျောက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အသိ‌ပေးရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်၀င်းလှိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့၀င်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းက အဖွင့်အမှာစကားနှင့်အတူ မျောက်ကျောက်ရောဂါထိန်းချုပ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းပြခဲ့သည်။ ထို့နောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဆရာမဒေါ် သိမ်မွေ့ခင်ကမျောက်ကျောက်ရောဂါ စတင်တွေ့ရှိခဲ့ပုံနှင့် မျောက်ကျောက်ရောဂါ  လက္ခဏာများ၊ ရေကျောက်နှင့် မျောက်ကျောက်တို့၏ တူညီသောလက္ခဏာများ၊ ရောဂါကူးစက်ခံရနိုင်ဖွယ် လူပုဂ္ဂိုလ်များ၊  မျောက်ကျောက်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရမည့် နည်းလမ်းများ၊ သံသယလူနာများရှိပါက စောင့်ကြပ်ကြည့်ရှုခြင်းနှင့် ကုသသင့်သည့် နည်းလမ်းများ၊ ရောဂါကူးစက်ခံရပါက သေဆုံးနိုင်ခြေများပုံ၊ ကျန်းမာရေး၀န်ကြီးဌာနအနေဖြင့် မျောက်ကျောက်ရောဂါ  နိုင်ငံတွင်းကူးစက် ပျံနှံ့မှုမရှိစေရေး ပြင်ဆင်ထားရှိမှုများ၊ ဒေသခံပြည်သူများအနေဖြင့် မျောက်ကျောက်ရောဂါ ဖြစ်ပေါ်ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် တစ်ဦးချင်း တစ်ယောက်ခြင်းစီက  ကျန်းမာရေးအသိသတိဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်ပေးရမည့် ဆောင်ရန်ရှောင်ရန် အချက်များကို အသိပညာပေး ရှင်းလင်းပြောကြားသွားခဲ့သည်။ ထို့နောက်အမျိုးသမီး   ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မျိုးမျိုးထိုက်နှင့် အဖွဲ့၀င်များက မျောက်ကျောက်ရောဂါထိန်းချုပ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြကြောင်း သိရသည်။

သန်းသန်း(ပြန်/ဆက်)