ဆွမ်ပရာဘွမ် နိုဝင်ဘာ ၂၁
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများဆောင်ရွက်နိုင်ရေးအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေး ဥက္ကဋ္ဌ ဦးဇာနည်တိုးက ကိုဗစ်-၁၉ရောဂါ၏ဆိုးကျိုးသက်ရောက်မှုများကို ဖြေလျှော့နိုင်ရန် ထုတ်ပြန်ထား သည့် “အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း ကိုဗစ်-၁၉ စီးပွားရေးထိခိုက်မှု သက်သာရေး စီမံချက် COVID -19 Economic Relief Plan- CERP)” ပါလုပ်ငန်းစဉ်များအရ အခြေခံ စားသောက်ကုန်(၅)မျိုး၊ ထောက်ပံ့ငွေ(၄) ကြိမ်၊ ငွေပိုက်အစီ အစဉ်များ ထောက်ပံ့ပေးခဲ့ကြောင်း၊ ရွေးကောက်ပွဲ အကြိုကာလနှင့်ရွေးကောက်ပွဲ နောက်ပိုင်း ဖြစ်ပေါ်ခဲ့သော လူစုလူဝေးများကြောင့် ရောဂါကူးစက်ဖြစ်ပွားမှုတိုးမြှင့်ခြင်း ရှိ / မရှိ စောင့်ကြပ်ကြည့်ရှု ကာကွယ်ထိန်းချုပ်ခြင်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်အပြင် အထူးအစီ အစဉ်အနေဖြင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ ဦးဆောင်၍ မျက်နှာနှင့် နှာခေါင်းစည်း မဖြစ်မနေတပ်ဆင်ရေး လူထုလှုပ်ရှားမှုစီမံချက် (Mask and Face Shield Campaign) ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြည် သူထူထုအနေဖြင့် မလိုအပ်ဘဲခရီးသွားလာခြင်း၊ လူစုလူဝေးပြုလုပ်ခြင်း စသည်တို့ကို ဆောင်ရွက်ခြင်းမပြုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက် ကြရန် ၊ မိမိတို့၏နေထိုင်ရာ နေအိမ်များတွင်သာ တတ်နိုင်သမျှ (Stay Home) နေကြရန် ရှင်းလင်း ပြောကြားပြီး တက်ရောက်လာသော မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များက အပြန်အလှန်ဆွေးနွေး ခဲ့သည်။ အဆိုပါအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးနှင့် မြို့နယ်အဆင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင် (၁၃) ဦး တက်ရောက်ခဲ့သည်။
ကုဋေ (ပြန်/ဆက်)