ကယားပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ကျောင်းများ ဖွင့်လှစ်နိုင်ရေးနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေး

လွိုင်ကော် စက်တင်ဘာ ၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တက္ကသိုလ်၊ ကောလိပ်များနှင့် သိပ္ပံကျောင်းများ အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး အလေးထားစီမံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုများကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ ဆက်လက်၍ ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ဆောင်များ၊ အိပ်ဆောင်များ၊ စားရိပ်သာများ ၊ ဆရာ/ဆရာမဝန်ထမ်းအိမ်ရာများ၊ ခန်းမဆောင်နှင့် ကျောင်းစာကြည့်တိုက်တို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်) ကျောင်းဝန်းအတွင်း သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုအားပေးပြီး စာသင်ဆောင်များ၊ ဘွဲ့နှင်းသဘင်ခန်းမနှင့် အားကစားခန်းမ၊ စားရိပ်သာနှင့်ဝန်ထမ်းများ၏ နေအိမ်များ၊ သန့်စင်ခန်းများအား လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ မှာကြားခဲ့သည်။ ဆက်လက်၍ ကျောင်းအစည်းအဝေးခန်းမဆောင်၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသအခြေအနေအရ ပိတ်ထားခဲ့ရသော ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေး လွိုင်ကော်ပညာရေးဒီဂရီကောလိပ်နှင့် ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ကျောင်း(၂)ကျောင်းအတွက် ဦးစားပေးအနေဖြင့် စာသင်ဆောင်များ ၊ ရုံးခန်းများ၊ အိပ်ဆောင်များ ၊ စားရိပ်သာများ ၊ ဝန်ထမ်းများ၏ နေအိမ်များ၊ သန့်စင်ခန်းများတွင် ဆောင်ရွက်ပေးရမည့် လျှပ်စစ်မီးနှင့် ရေရရှိရေး၊ အဆောင်များ၏ အမိုးနှင့် မျက်နှာကျက်များ၊ ပြတင်းတံခါးများ ပြုပြင်နိုင်ရေး၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းသာယာရေးကို အမြန်ဆုံးဆောင်ရွက်ရန်နှင့် ပြည်နယ်အတွင်းရှိ အဆင့်မြင့်ပညာသင်ကြားရမည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ ကျောင်းများပြန်လည်တက်ရောက် သင်ကြားနိုင်ရေး ပြည်နယ်အစိုးရအဖွဲ့နှင့် တာဝန်ရှိသူများအားလုံးက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကိုဇင်(လွိုင်ကော်)