ထားဝယ် စက်တင်ဘာ ၈
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီက ကျင်းပပြုလုပ်သော အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် (၁၀) နာရီက ထားဝယ်မြို့၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်း များ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်စုစုလှိုင်က အသက်မွေး ဝမ်းကျောင်းသင်တန်းများ တက်ရောက်ပြီးနောက် မိသားစုများအတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန်၊ မိသားစုဝင်ငွေတိုးတက်စေရန်၊ ရေရှည်တည်မြဲစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အန္တရာယ်ရှိသော အလုပ်အကိုင်များမှ ကလေးအလုပ်သမားများ ပပျောက်စေရန် စသည့်ရည်ရွယ်ချက်ဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးနှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ (၈)ရပ်ကို သက်ဆိုင်ရာ ဌာနများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းပေးထားပြီး လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအခါ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ၏ ဒုတိယငါးနှစ် (၂၀၂၄-၂၀၂၈)လုပ်ငန်းစီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှ ပို့ချခဲ့သည့် ဘာသာရပ်များ၊ သင်ခန်းများကို လက်တွေ့ နယ်ပယ်မှာ အသုံးချနိုင်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီအတွင်းရေးမှူးက သင်တန်းနည်းပြများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး ကျောင်းအုပ်ကြီး ဦးဟိဏ်းထက်အောင်နှင့် တာဝန်ရှိသူများက သင်တန်းသား/သူ(၂၀)ဦးအား သင်တန်းဆင်းလက်မှတ် ပေးအပ်ကာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်(ပြန်/ဆက်)