နတ်မောက်မြို့နယ်၊ သမှုန်းပင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

နတ်မောက် စက်တင်ဘာ ၇

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများတစ်နိုင်တစ်ပိုင် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့်မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်းထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက  သမှုန်းပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နတ်မောက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်းရည်ရွယ်ချက်များနှင့် အကျိုး ကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

ဆက်လက်၍ စီမံကိန်းတာဝန်ခံဝန်ထမ်းများက ချေးငွေထုတ်ချေးရာတွင်လိုက်နာရမည့် စည်းကမ်းချက်များ၊ အတိုးနှုန်းနှင့်ကာလသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ် ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ထံ ရန်ပုံငွေလွှဲပြောင်းပေးအပ်သည်။ ထို့နောက်  မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက သမှုန်းပင်ကျေးရွာ၌ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ ၈၈ဦး ငွေကျပ် ၂၄.၆သန်း၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ ၄၈ ဦး ငွေကျပ် ၁၂.၂ သန်း၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ၅ဦး ငွေကျပ် ၁.၅သန်း စုစုပေါင်း အသင်းသား/ အသင်းသူ ၁၄၁ ဦးကို (၉)ကြိမ်မြောက်အဖြစ် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ် ၃၈.၃ သန်းထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နတ်မောက်မြို့နယ်အတွင်း မြစိမ်းရောင်ကျေးရွာစီမံကိန်းအား ၂၀၁၄-၂၀၁၅ ခုဘဏ္ဍာနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုလက်ရှိ ကျေးရွာပေါင်း ၄၁ ရွာတွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးထံမှ သိရသည်။

ဖြိုးဖြိုး