ရွှေဘို စက်တင်ဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့အမှတ်(၃)ရပ်ကွက်ရှိ ရှေးဟောင်းသမိုင်းဝင် ရွှေသိမ်တော်မြတ်ကြီး ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တင်လှူပူဇော်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပရာရွှေဘိုမြို့သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဿုတနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင်ဆရာတော်အရှင်သူမြတ်အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်မြို့/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
ဦးစွာ တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ရွှေဘိုမြို့သံဃနာယကဥက္ကဋ္ဌ ပုခန်းကျောင်းတိုက်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဿုတထံမှ ကိုးပါးသီလ ခံယူဆောက်တည်ကြပြီး၊ ဥပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်ချည်၊ ပရိတ်သဲများကို သံဃာတော်များထံ ဆက်ကပ်ခဲ့ကြပြီး၊ သံဃာတော်အရှင်သူမြတ်တို့ ရွတ်ပွားသရဇ္ဈာယ်တော်မူအပ်သော ပရိတ်တရားတော်များကို နာယူကြည်ညိုခဲ့ကြသည်။
ထို့နောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် အမှတ်(၅) စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့် အရာရှိစစ်သည်များ၊ တက်ရောက်လာသူများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်၊ လှူဖွယ်ပစ္စည်းတို့ကို ဆက်ကပ်လှူဒါန်းခဲ့ကြရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစန္ဒဝံသလင်္ကာရာဘိဝံသမှ အနုမောဒနာတရားဟောကြားချီးမြှင့်၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြသည်။
ဆက်လက်၍ အလှူရှင်များမှ ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့ကို ပင့်ဆောင်၍ စေတီတော်မြတ်ကြီးအား လင်္ကျာရစ်သုံးကြိမ်လှည့်လည်ပူဇော်ပြီး မင်္ဂလာချိန်တွင် တင်လှူပူဇော်ခဲ့ကြသည်။ ထို့နောက် စေတီတော်အထွဋ်တွင် သာသနာအောင်လံတော်ကို လွှင့်ထူပူဇော်၍ ပရိတ်နံ့သာနှင့် ရေစင်များပက်ဖျန်းသန့်စင်သွန်းလောင်းပူဇော်ခဲ့ပြီး သံဃာတော်အရှင်သူမြတ်များဦးဆောင်၍ "ဇယန္တောဗောဓိယာမူလေ"အစချီသော ဇယမင်္ဂလာအောင်ဂါထာများကို ရွတ်ပွားသရဇ္ဈာယ်တော်မူပြီး ရတနာရွှေမိုးငွေမိုးများရွာသွန်းဖြိုးခဲ့သည်။
ထို့နောက် ဥပသကာများက သံဃာတော်များထံ ဗုဒ္ဓဘိသေကအနေကဇာတင်လှူ၍ ဗုဒ္ဓါဘိတ်သိတ်သွန်းလောင်းပူဇော်၍ "ဒေဝဂမန ဝေလာဂါထာ"ကို ဖတ်ကြား၍ နတ်ဗြဟ္မာများအား ပို့ဆောင်ကာ "ဗုဒ္ဓသာသနံစိရံတိဌတု"သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားအောင်မြင်စွာပြီးမြောက်ခဲ့သည်။ အဆိုပါလှူဒါန်းမှုတွင် ရွှေဘိုတပ်နယ်မှူးနှင့် အရာရှိစစ်သည်မိသားစုဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖနှင့် စေတနာရှင် အလှူရှင်များ၏ စုစုပေါင်းလှူဒါန်းငွေကျပ် သိန်းလေးရာကျော် ပါဝင်လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)