ကျွန်းလှမြို့၌ မိုးရာသီ အမျိုးသား၊ အမျိုးသမီး ဖူတယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ကျွန်းလှ စက်တင်ဘာ ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ဗလငါးတန်ဖွံ့ဖြိုးသော လူငယ်လူရွယ်များဖြစ်စေရန်အတွက် “ဟိန်း” ကိုယ်ပိုင်အထက်တန်းကျောင်းက ကြီးမှူးကျင်းပသော အမျိုးသား၊ အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၉ နာရီက ကျွန်းလှမြို့၊ ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

ဗိုလ်လုပွဲတွင် အမျိုးသားအပြာသင်းနှင့် အဝါအသင်းယှဉ်ပြိုင်ကြရာ အပြာအသင်းက ၇ ဂိုး ၅ ဂိုးဖြင့်လည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် အနီအသင်းနှင့် အဝါအသင်းတို့ ယှဉ်ပြိင်ကြရာ အနီအသင်းက ၂ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိကြောင်း သိရသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကျင်းရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ဆုရအမျိုးသား၊ အမျိုးသမီးအသင်းများ၊ ထူးချွန်အားကစားသမားများအား တံခွန်စိုက်ဆုနှင့်ဆုတံဆိပ်များချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက ဖျော်ဖြေရေးအစီအစဉ်များဖြင့် ဖျော်ဖြေပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ