ထန်းတပင်(ပဲခူး) စက်တင်ဘာ ၇
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ ကြယ်စင်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြင်းထန်ဝမ်းပျက် ၊ ဝမ်းလျှောရောဂါ အကြောင်းသိကောင်းစရာများကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးဆရာမကြီးက မသန့်ရှင်းသောရေနှင့် အစားအစာများကို စားသောက်မိရာမှတစ်ဆင့် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်ပွားရခြင်း၊ ရောဂါဖြစ်ပွားလေ့ရှိသည့် အချိန်ကာလများ၊ ရောဂါလက္ခဏာများအကြောင်း၊ ကြိုတင်ကာကွယ်နိုင်သောနည်းလမ်းများ၊ ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ရောဂါဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနတွင် အချိန်မီ ဆေးကုသမှုခံယူရမည့်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအား ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်၍ မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ၊ မြို့နယ်ပြည်သူ့ဆေးရုံ၊ ယာယီနေရပ်စွန့်ခွာစခန်း၊ မြို့မဈေးနှင့် တိုက်နယ်ဆေးရုံတို့တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေးဟောပြောခဲ့ပြီး ဗီနိုင်းချိတ်ဆွဲခြင်းနှင့် ပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)