ခန္တီးမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူနိုင်ရေး ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ခန္တီး စက်တင်ဘာ ၇

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်ပြီး အောင်မြင်စွာကောက်ယူနိုင်ရေးအတွက် ခရိုင်အဆင့်နည်းပြနှင့် မြို့နယ်အဆင့် စာရင်းစစ်၊ စာရင်းကောက်သင်တန်း ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၃)ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်က ခန္တီးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တိုင်းရင်းသားရိုးရာအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ နည်းပြများ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ခန္တီးခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက အဖွင့်အမှာစကားပြောကြားရာ သန်းခေါင်စာရင်းအောင်မြင်စွာကောက်ယူနိုင်ရန်အတွက် ဗဟိုသန်းခေါင်စာရင်းကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှု၊ တိုင်းဒေသကြီး၊ သန်းခေါင်စာရင်းကော်မတီ၏ အနီးကပ်ကြီးကြပ်ကွပ်ကဲလမ်းညွှန်မှုနှင့်အတူ ခရိုင်/မြို့နယ်/ ရပ်ကွက်ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီအဆင့်ဆင့်တို့၏ ပူးပေါင်းဆောင်ရွက်မှုအင်အားများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သန်းခေါင်စာရင်းကောက်ယူရာတွင် ပြည်သူလူထုပူးပေါင်းပါဝင်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်လျက်ရှိကြောင်း၊ တစ်နိုင်ငံလုံးအနေဖြင့် စာရင်းစစ်၊ စာရင်းကောက်လေးသောင်းခန့် ခန့်အပ်တာဝန်ပေးထားပြီး ခန္တီးမြို့နယ်တွင် ကောက်ကွက်ပေါင်း(၁၁၁)ကွက်ကို စာရင်းစစ်၊ စာရင်းကောက်(၄၅)ဦးတို့ဖြင့် ကောက်ယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ/မများအနေဖြင့် တိုင်းဒေသကြီးအဆင့် အထူးနည်းပြသင်တန်းကို တက်ရောက်ခဲ့သည့် ဦးချမ်းမြေ့အောင်၊ ဒေါ်ငွေဇင်ညှာ၊ ဒေါ်ခင်စုလွင်တို့က သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၃-၉-၂၀၂၄)ရက်နေ့မှ (၁၃-၉-၂၀၂၄)ရက်နေ့အထိ (၁၁)ရက်ကြာ သင်ကြားပို့ချမည်ဖြစ်ကာ ခန္တီးမြို့နယ်မှ စာရင်းစစ်၊ စာရင်းကောက်(၄၅)ဦးနှင့် နာဂဒေသလဟယ်နှင့် နန်းယွန်းမြို့များမှ စာရင်းစစ်(၆)ဦး စုစုပေါင်း(၅၁)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)