အထက်မင်းလှ စက်တင်ဘာ ၇
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိဆေးဝါးရောင်းချသူများအား ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်အကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၁)နာရီခွဲက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မင်းလှမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာစန်းစန်းမိုးက ဆေးဝါးရောင်းချသူများအနေဖြင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေး သတ်မှတ်ဆေးဝါးများ ရောင်းချစေရေးအသိပညာပေးဆွေးနွေးပြောကြားသည်။ ထို့နောက် သရက်ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ ခရိုင်ယာယီတာဝန်ခံဦးစီးအရာရှိ(ဆေးဝါး) ဒေါ်သဲဦးဗိုလ်က ကောင်းမွန်သောဆေးဝါးရောင်းချမှုကျင့်စဉ်အား ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးပြောကြားသည်။ ယင်းနောက် တက်ရောက်လာကြသည့် ဆေးဝါးရောင်းချသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြား သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းဆရာ၊ဆရာမများ၊ မြို့ပေါ်ရပ်ကွက်အသီးသီးမှ ဆေးဝါးရောင်းချသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)